အချစ်ဆိုတာကို နားလည်လာတဲ့အချိန်မှာ အားလုံးက နောက်ကျကုန်ပြီ။
ဆိုးခဲ့ ပေခဲ့တာတွေက ဘ၀နဲ့ မဆံ့အောင်ကို များခဲ့ပြီလေ…။
ဒါပေမဲ့ အချစ်ဆိုတာကို “မ”နဲ့ တွေ့တော့မှ ခံစားတတ်လာခဲ့တယ်။
ဒါတွေကို သူနားလည်နိုင်မယ် မထင်ဘူး။ အရင်က အချစ်နဲ့ပတ်သက်ပြီး ရေးဖို့ ပြောခဲ့၊ တိုက်တွန်းခဲ့ဖူးတဲ့ သူငယ်ချင်းတွေကိုတောင် ကျွန်တော့်ကို အတင်း မတိုက်တွန်းဖို့ တားမြစ်ခဲ့ဖူးတယ်။ ကျွန်တော် အချစ်အကြောင်းတွေကို မရေးချင်ဘူး။ ကျွန်တော်က ဖတ်တဲ့လူကို တစ်ခုခုကျန်စေမယ့် (နိုင်ငံရေးအမြင်) စာမျိုးကို ရေးချင်တယ်။ ကျွန်တော်က ကိုယ့်လိုင်းနဲ့ ကိုယ်သွားမယ်ဆိုပြီး ပြောခဲ့တယ်။
အခုတော့ ဒါတွေကို မှားယွင်းကုန်ပြီ ထင်ပါရဲ့။ အချစ်ဆိုတာကို နားမလည်ခဲ့ဖူးတာ မဟုတ်ပေမယ့် မခံစားခဲ့တာပါ။ ရည်းစားတွေ ထားခဲ့ပေမယ့် အချစ်ဆိုတာကို နစ်နစ်နဲနဲ ၀င်ရောက် မခံစားခဲ့ဘူး။ အချစ်ထက် ဦးစားပေးရမယ့် ဘ၀ရဲ့ သမိုင်းပေး တာဝန်တွေအောက်မှာ စိတ်ကို ချုပ်တည်းခဲ့ရတယ်။ အချစ်ကို တန်ဖိုးမထားတတ်ခဲ့တာ မဟုတ်ပေမယ့် ဘ၀ပေးအခြေအနေက အချစ်ဆိုတာကို နောက်တန်းမှာပဲ နေစေခဲ့တယ်။
အချစ်ခံခဲ့ဖူးပေမယ့် ပျော်မွေ့ခဲ့ခြင်းမရှိသလို ချစ်ခဲ့ဖူးပေမယ့်လည်း ရင်ထဲကအချစ်ကို သိုဝှက်ထားနိုင်ခဲ့တယ်။ အချစ်ဆိုတာကို ခပ်ဝေးဝေးလေးမှာပဲထားပြီး ကိုယ့်ဘ၀ကို ရုန်းကန်ခဲ့ရဖူးတယ်။ ဆိုးဝါးလှတဲ့ဘ၀အခြေအနေကို အတိုင်းအတာတစ်ခုအထိ ကျော်လွန်ခဲ့ပြီးချိန်မှာတော့ အချစ်ဆိုတာကို ပြန်သိလာခဲ့ရတယ်။ “မ”ရယ် မတွေ့ကြရင် အကောင်းသားလို့တောင် ဆိုရမလားပဲနော်။ အလုပ်က ပင်ပန်းပြီး ပြန်လာချိန် သူငယ်ချင်းက ဂီတာတီးဖို့ ခေါ်တဲ့အတွက် ကမန်းကတန်း သွားခဲ့ရတယ်။ ထမင်းမစား ဘာမစားနဲ့ စက်ဘီးကလေးကို နင်းလို့ အပြေးအလွှားကို သွားခဲ့မိတယ်။ အဲဒီအချိန်ကစပြီး ကျွန်တော့်ဘ၀ဟာ အချစ်ဆိုတာကို တွေ့ခဲ့မိတယ်လို့ ထင်တာပဲ။ သူငယ်ချင်းရဲ့ သူငယ်ချင်း ချင်းမိုင်ကို ရောက်နေချိန် ဂီတာတီးကြရအောင်ဆိုတဲ့ ဖိတ်ခေါ်မှုက တကယ်တမ်းကျတော့ ကျွန်တော်နဲ့ “မ” ကိုတွေ့ဖို့အတွက် ဖိတ်စာလေးတစ်ခုလိုပါပဲ။
ကျွန်တော်ရောက်သွားတဲ့အချိန် သူငယ်ချင်းရဲ့ အခန်းမှာ ဂီတာတစ်လက်နဲ့ သူငယ်ချင်းတွေက အဆိုကောင်း အတီးကောင်းလေးဖြစ်အောင် ဘင်းမောလ်ဝီစကီလေးနဲ့ ကြိုဆိုနေလေရဲ့။ ကျွန်တော် အရမ်းကြိုက်တဲ့ အဆိုတော်တွေဖြစ်တဲ့ သားထွေး၊ ကိုနေ၀င်း၊ ခင်မောင်တိုး၊ ခင်ဝမ်းစတဲ့ သီချင်းစာအုပ်တွေကို ကုတင်ပေါ်မှာ ပိုးလို့ ပက်လက်မြင်လိုက်ရတဲ့အခိုက် ဘင်းမောလ်လေးကို မျက်ကွယ်ပြုပြီး ဂီတာကို စကိုင်လိုက်မိတယ်။ မြန်မာပြည်က သီချင်းစာအုပ်တွေနဲ့ ဝေးနေတဲ့အခိုက် အခုလိုမျိုး စာအုပ်တွေကို ပြန်တွေ့လိုက်ရတော့ ကျန်တာတွေအားလုံးကို မေ့သွားတယ်။
ကိုခင်ဝမ်းရဲ့ “မြားဘုရင်”ဆိုတဲ့ သီချင်းလေးကို စတင်တီးခတ်မိတဲ့အချိန်မှာ အခန်းဝမှာ အရိပ်လေးနှစ်ခု ၀င်ရောက်လာတာကို တွေ့လိုက်ရတယ်။ အသက်ကြီးကြီး မမကြီးတစ်ယောက်ရယ်၊ အနက်ရောင်ထရက်ဆုလေးကို ၀တ်ထားတဲ့ “မ”ရယ်ကို တွေ့လိုက်ရတယ်။ ဒါပေမဲ့ အဲဒီအချိန်ထိ ကျွန်တော့်စိတ်က ဂီတထဲမှာ နစ်မျောလို့နေရဲ့ဗျာ။
တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်ပေးတဲ့အခါမှာ ကျွန်တော် ခေါင်းကို အသာမော့ပြီး ကြည့်လိုက်ချိန်မှာတော့ မျက်ဝန်းလဲ့လဲ့နဲ့ စူးစူးစိုက်စိုက်ကြည့်နေတာကို ကျွန်တော် ရင်ဆိုင်လိုက်ရတယ်။
“အေ၀မ်း”လားတဲ့…။
“ဟုတ်ကဲ့။ ကျွန်တော် အေ၀မ်းပါ”လို့ ပြန်ဖြေလိုက်မိတယ်။
ဒါပေမဲ့ ကျွန်တော် ဂ်ီတာတီးနေတဲ့တလျှောက် ရှေ့က ကုတင်ပေါ်ထိုင်ပြီး စိုက်ကြည့်နေတယ်ဆိုတဲ့ ခံစားမှုတစ်ရပ်ကို ပိုင်ဆိုင်လိုက်မိတယ်။ အသာအယာလေး မော့ကြည့်လိုက်တော့ ပြန်ရင်ဆိုင်ဖို့ရာ ခွန်အားပြတ်လပ်သွားစေတဲ့ အကြည့်စူးစူးတစ်ချက်ကို ရရှိလိုက်တယ်။ ခုနက ဂီတထဲ ပျော်ဝင်နေတဲ့ ကျွန်တော့်စိတ်တွေက အဲဒီနေရာမှာ ဆက်လက် ရပ်တည်ဖို့အတွက် အင်အားတွေ လိုလာခဲ့တယ်။ ဒါကြောင့် ခုနက ဥပက္ခာပြုထားတဲ့ ဘင်းမောလ်ဘက်ကို လှည့်လိုက်ရတယ်။ ယမကာရည်လေး အနည်းငယ်ဝင်သွားတော့ ကျွန်တော့်စိတ်တွေ နည်းနည်းရဲတင်းလာတယ်။
အချစ်ကို ခံစားဖူးပါတယ်။ ဒါပေမဲ့ ဒီတစ်ခါလိုတော့ မဟုတ်ဘူး။ ဘ၀တလျှောက်လုံး မာနတွေကို အဖော်လုပ်၊ အတ္တတွေကို မိတ်ဆွေဖွဲ့ပြီး နိမ့်ကျတဲ့ဘ၀ကို တိုးတက်လာအောင် လုပ်ခဲ့တဲ့ ကျွန်တော် လူတွေကို မကြောက်တတ်သလို ဘယ်လိုနေရာရောက်ရောက် လူတစ်ယောက်ကို စေ့စေ့ကြည့်ရဲခဲ့တယ်။ ဒါပေမဲ့ “မ”ရယ်…
စူးစူးစိုက်စိုက်နဲ့ ကြည့်နေတဲ့ “မ”ရဲ့ စူးရှလင်းလက်တဲ့ မျက်ဝန်းတစ်စုံကိုတော့ ကျွန်တော် ရင်မဆိုင်နိုင်ခဲ့ဘူး။ “မ”ရဲ့ အကြည့်စူးစူးအောက်မှာ ကျွန်တော့်သတ္တိတွေ ပျောက်ကွယ်ခဲ့တယ်။ ရင်ခုန်လှုပ်ရှားနေတဲ့ ကျွန်တော့်ရဲ့စိတ်ကို ဂီတာပေါ်မှာ နှစ်ထားပေမယ့် “မ”ရဲ့ အကြည့်တွေကို ခံစားနေရတယ်ဆိုတာ ယုံပါ။
အဲဒီအချိန်မှာ “မ” ဆီက စကားလေးတစ်ခွန်းကို ကျွန်တော် ကြားလိုက်ရတယ်။ “အေ၀မ်း…မင်း မြန်မာပြည် မပြန်တော့ဘူးလား”တဲ့။
ကျွန်တော် အရမ်းစိတ်လှုပ်ရှားသွားတယ်။ ဘာကိုရည်ရွယ်ပြီး မေးခဲ့တာလဲဆိုတာကို ကျွန်တော် မသိခဲ့ဘူး။ ကျွန်တော် အရမ်း ထိတ်လန့်သွားခဲ့တယ်။ သူက ဘယ်သူလဲဆိုတာကို ခုနက ရင်ခုန်မှုတွေပျောက်ပြီး အထိတ်တလန့်နဲ့ ပြန်မော့ကြည့်ခဲ့မိတယ်။
“ဘာဖြစ်လို့လဲ”လို့ မေးကြည့်လိုက်တော့
“ဘာမှ မဟုတ်ပါဘူး။ သိချင်လို့ မေးကြည့်တာပါ”တဲ့။
ဒါနဲ့ပဲ ကျွန်တော့်ရင်ခုန်မှုတွေ ပျောက်ကွယ်သွားပြီး ထိတ်လန့်မှုတွေက ရင်ထဲ ၀င်လာခဲ့တယ်။ သူ ဘယ်သူလဲ။ ဘာအတွက် ငါ့ကို ဒီလိုမေးတာလဲ။ ကျွန်တော့်စိတ်တွေ အစိုးမရဖြစ်သွားခဲ့တယ်။ ဂီတာထဲမှာလည်း စိတ်နှစ်လို့ မရတာနဲ့ ၀ရံတာကို ထွက်ပြီး ဆေးလိပ်ဖွာနေခဲ့မိတယ်။ ပြန်ဝင်လာတဲ့အချိန် ဂီတာကို တီးချင်နေပေမယ့် စိတ်က ဂီတာထဲ မရှိဘူး။ ဒါနဲ့ ဘင်းမောလ်ကို အဖော်ပြုလို့ သူများဆိုနေတဲ့သီချင်းကို နောက်ကနေ လိုက်ညည်းနေခဲ့မိတယ်။
အဲဒီအချိန် သူငယ်ချင်းရဲ့ သူငယ်ချင်းက ဘင်းမောလ်လေး အ၀င်များသွားလို့ နည်းနည်းထွေလာပြီး စကားတွေ လွန်လာခဲ့တယ်။ ဒါနဲ့ “မ”နဲ့ အသက်ကြီးကြီး မမကြီးတို့ ပြန်ထွက်သွားတဲ့အချိန် အခန်းက မှောင်အတိကျသွားသလိုမျိုး ခံစားလိုက်ရတယ်။ ဒါပေမဲ့ စိတ်ကတော့ ဂယောက်ဂယက်နဲ့ ဖြစ်ကျန်ခဲ့တုန်းပဲ။ တစ်ညလုံးလိုလို ဒွိဟစိတ်တွေနဲ့ ကျွန်တော် အိပ်မရခဲ့ဘူး။ “မ”ကို သတိရနေသလို ….။ ဘာလို့ မပြန်တော့ဘူးလားလို့ မေးခဲ့တာကို အဖြေထုတ်နေခဲ့မိတယ်။ ဒါပေမဲ့ ညအိပ်ချိန်တွေကိုသာ ဆုံးရှုံးလိုက်ရပေမယ့် တိကျရေရာတဲ့အဖြေတစ်ခုကို ကျွန်တော် မထုတ်နိုင်ခဲ့ဘူး။ ကျွန်တော် ဘယ်လို ဆက်စဉ်းစားရမလဲ။
နောက်တစ်ရက် သူတို့ဟိုတယ်ကို ရောက်သွားခဲ့တယ်။ အဲဒီအချိန်ကျတော့ ကျွန်တော် ရဲဆေးတင်ထားတယ်လို့ပဲ ဆိုရမလား မသိဘူး။ ဘီယာတော်တော်များများ သောက်သွားခဲ့တယ်။ ကျွန်တော့်ရဲ့ ကြောက်ရွံ့တဲ့စိတ်တွေကို ပျောက်ပျက်သွားလေမလားဆိုတဲ့ စိတ်နဲ့ပေါ့။ သူတို့ တည်းခိုတဲ့နေရာကို ရောက်သွားချိန်မှာတော့ ကျွန်တော်နဲ့သိတဲ့ လူအချို့ကို အရင်တွေ့ခဲ့ရတယ်။ ကျွန်တော် တွေ့ချင်နေတဲ့ “မ”ကို မတွေ့ခဲ့ရဘူး။ ဒါပေမဲ့ စိတ်ကတော့ လိုက်ရှာနေမိတယ်။ နှုက်ဆက်စရာရှိတဲ့လူတွေကို နှုတ်ဆက်ပြီးချိန်မှာတော့ ကျွန်တော့်အနီးနားတ်ဝိုက်လုံး လင်းထိန်သွားတယ်။ အပေါ်ထပ် လှေကားကနေ လမင်းလေးတစ်စင်း ဆင်းလာသလိုပဲ “မ” တရွေ့ရွေ့ ဆင်းလာတယ်။ အဲဒီအချိန်မှာ နည်းနည်းရဲတင်းနေတဲ့ ကျွန်တော့်စိတ်က “မ” ကျွန်တော် “မ”ကို စကားနည်းနည်းလောက်ပြောလို့ရမလားလို့ စပြီးတော့ ပြောခဲ့မိတယ်။
အပြုံးလဲ့လဲ့နဲ့ “မ”က ရပါတယ်ဆိုတော့ ဟိုတယ်လော်ဘီနေရာက စားပွဲဝိုင်းတစ်ခုမှာ မျက်နှာချင်းဆိုင် ထိုင်ခဲ့ကြတယ်။
“ကဲ…ဘာပြောချင်လို့လဲ”
“သြော်…မနေ့က “မ”က ကျွန်တော့်ကို မေးခဲ့တဲ့စကားတစ်ခွန်းအကြောင်းကို သိချင်လို့ပါ။ ဘာအတွက်နဲ့ ကျွန်တော့်ကို အခုလိုမျိုး မေးခဲ့တာလဲ။ ကျွန်တော် အဲဒီ့မေးခွန်းကြောင့် ညက အိပ်လို့တောင် မရခဲ့ဘူး”လို့ဆိုတဲ့အခါမှာ “မ” မျက်နှာက အံ့သြသွားပြီး ပြုံးလိုက်တဲ့အပြုံးဟာ ပီဘိ ကလေးငယ်တစ်ဦးလိုပဲ။
နဂိုက မျက်ဝန်းတွေ ပြုံးတတ်တယ်ဆိုတာ နားမလည်ခဲ့တဲ့ ကျွန်တော် မျက်ဝန်းက ပြုံးတယ်ဆိုတာ ဒါမျိုးပါလားလို့ သိလောက်အောင်ကို “မ”ရဲ့ မျက်ဝန်းတွေက နှုတ်ခမ်းက အပြုံးနဲ့အပြိုင် လင်းလက်နေလေရဲ့။
“သြော် ကလေးရယ်”တဲ့။
ကျွန်တော့်စိတ်တွေ ဘယ်လိုဖြစ်သွားမှန်း မသိဘူး။ အခုလိုမျိုး ခေါ်သံကို ကြားလိုက်ရတဲ့အချိန် မှောင်မည်းနေတဲ့အခန်းငယ်တစ်ခုထဲ ပိတ်ဆို့ခံထားရတဲ့ လူတစ်ယောက် အလင်းရောင်သဲ့သဲ့ကို မြင်တွေ့လိုက်ရသလိုပဲ။ ကိုယ့်ကိုယ်ကိုယ်လည်း အံ့သြသွားတယ်။ ဘာလို့လေများ ဒီအသံလေးကို ကြားလိုက်တဲ့အခိုက်မှာ ငါ့စိတ်တွေ ပျော့ညံ့သွားတာလဲပေါ့။
“မဟုတ်ပါဘူး ကလေးရယ်။ “မ”က သိချင်လို့ မေးကြည့်တာပါ။ ဘာဖြစ်လို့လဲဟင်” “ကျွန်တော်ကို့ မြန်မာပြည်ကို မပြန်တော့ဘူးလား မေးတာ ကျွန်တော်က အကြောင်း တစ်ခုခုကြောင့် မြန်မာပြည်ကို ပြန်လို့ မရတော့မယ့်သူလား လို့တွေးမိပြီး ကျွန်တော် တစ်ညလုံး အိပ်မရခဲ့ဘူး။ တစ်ညလုံး ထိုင်စဉ်းစားနေတာ။ ဒါကြောင့် မေးကြည့်တာပါ။ အခုညတော့ အိပ်ပျော်ပြီ ထင်ပါရဲ့”
“သြော် ကလေးရယ်။ ဖြစ်မှဖြစ်ရလေခြင်း။ “မ”စကားတစ်ခွန်းအတွက်နဲ့ မင်း ဒီလိုဖြစ်သွားတာကို မသိလို့ပါ။ “မ”တောင်းပန်ပါတယ်”
“ဟာ…မလိုပါဘူး။ ကျွန်တော်ကိုယ်တိုင်က စိုးရိမ်လွန်နေတာလည်း ဖြစ်နိုင်တာပဲလေ”
အဲဒီအခိုက် ကျွန်တော်နဲ့ ခင်တဲ့ ကျန်တဲ့လူတွေ ၀င်လာချိန်မှာတော့ လမင်းလေးက ဟိုးအဝေးကို ပြေးရှောင်သွားလေရဲ့။ ဒါနဲ့ပဲ ကျွန်တော် ကျန်တဲ့လူတွေနဲ့ ရောက်တတ်ရာရာတွေ ပြော၊ ဟိုပြော ဒီပြောနဲ့ အဲဒီဟိုတယ်မှာ ည ၁၁ နာရီကျော်သွားတယ်။ ကျွန်တော်နဲ့ပါလာတဲ့ သူငယ်ချင်းတွေကတော့ စိတ်မရှည်စွာနဲ့ ပြန်သွားလေရဲ့။
“မ” ကို အဲဒီအချိန်မှာ အရမ်းသတိရနေမိတယ်။ ဘာလို့များ ကျွန်တော်နဲ့ ဆက်ပြီး စကားမပြောလေခြင်းဆိုပြီး ၀မ်းနည်းနေမိတယ်။ ၀မ်းနည်းတဲ့စိတ်ကို ဖျောက်တဲ့အနေနဲ့ ဒဿနတွေ၊ ဖလော်ဆိုဖီတွေကို ခပ်များများသောက်ထားတဲ့ ဘီယာအရှိန်နဲ့ မွေးထုတ်နေမိတယ်။
ပြောနေတုန်းမှာပဲ “မ” ကျွန်တော့်အနားကို ပြန်လာခဲ့တယ်။ ပြီးတော့ ကျွန်တော့်ရှေ့မှာ ချထားတဲ့ ဖုန်းကို ယူကိုင်လိုက်ပြီး ကျွန်တော့်ဖုန်းနံပါတ်ကို တောင်းယူလိုက်တယ်။ အဲဒီအချိန်မှာ ကျွန်တော်က တခြားသူတွေနဲ့ စကားကောင်းနေတော့ ကျန်တဲ့လူတွေဆီကိုပဲ အာရုံကျနေမိတယ်။ ဒါနဲ့ ကျွန်တော် ည ၁၂ နာရီကျော်လောက်မှာ ပြန်ခဲ့တယ်။ ပြန်မယ့်အချိန် “မ”ကို ခဏတာလေး ထပ်တွေ့လိုက်ရပေမယ့် မစောင့်ဘဲ ပြန်သွားတဲ့ သူငယ်ချင်းတွေကို စိတ်တိုနေတဲ့အတွက် “မ”ကို သတိမထားလိုက်ခဲ့နိုင်ဘူး။
ဒီလိုနဲ့ နောက်တစ်ရက် မနက် အလုပ်သွားတဲ့အချိန် ဖုန်းတစ်လုံး ၀ယ်ချင်တာနဲ့ စင်ထရယ်ကိုသွားမယ်ဆိုပြီး စဉ်းစားလိုက်မိတယ်။ ညီမလေးအတွက် ဖုန်းဝယ်ပေးရမယ်လေ။ ဒါနဲ့ ဒီကိုရောက်တာ မကြာသေးတဲ့ “မ”ကို သတိရပြီး မနေ့ညက ပေးထားတဲ့ “မ”ရဲ့ ဖုန်းနံပါတ်ကို ကောက်နှိပ်လိုက်မိတယ်။
“ဟယ်လို “မ”လား။ ကျွန်တော် အေ၀မ်းပါ။ ကျွန်တော် ဒီနေ့ စင်ထရယ်သွားမလို့။ ဖုန်းဝယ်စရာရှိလို့။ “မ” မရောက်သေးရင် တစ်ခါတည်းလိုက်ပို့ပေးနိုင်အောင် မေးကြည့်တာ။ ကျွန်တော်က အိမ်ရှင်ဖြစ်နေတော့ “မ”ကိုလည်း လိုက်ပို့ချင်လို့ပါ”
“အင်း ဟိုတစ်နေ့ကတော့ ရောက်တယ်။ ဒါပေမဲ့ သွားချင်သေးတယ်။ ဘယ်လိုသွားရမလဲဟင်”
“ကျွန်တော့်ရုံးက စင်ထရယ်နားမှာလေ။ “မ”လာမယ်ဆိုရင် စင်ထရယ်ကို လာခဲ့လေ။ ကျွန်တော် စောင့်နေမယ်။ ပြီးရင် “မ”ကို ညစာကျွေးမယ်။ ဘယ်လိုလဲ အဆင်ပြေလား” “အိုကေလေ။ ဒါဆိုရင် စင်ထရယ်မှာစောင့်နေ။ “မ”လာခဲ့မယ်။ ဒါနဲ့ ဘယ်အချိန်လဲ” “ကျွန်တော် ရုံးဆင်းမှာက ညနေ ၆ နာရီလေ။ အဲဒီအချိန်ကစပြီး စောင့်နေမယ်။ ကျွန်တော် ရုံးဆင်းတာနဲ့ “မ”ကို ဖုန်းဆက်လိုက်မယ်။ စင်ထရယ်ရှေ့က ဆဲဗင်းအလဲဗင်းနားမှာ စောင့်မယ်”
“အိုကေ “မ” လာခဲ့မယ်”
သဘောတူညီမှုရခဲ့ပြီးဖြစ်တဲ့ ကျွန်တော် တစ်နေကုန်အလုပ် လုပ်ရပေမယ့် ပင်ပန်းတယ်မထင်။ မြူးတူးပျော်ရွှင်စွာနဲ့ အချိန်တွေ မြန်မြန်ကုန်ပါစေလို့ ဆုတောင်းနေခဲ့တယ်။ ညနေ ၆ နာရီကလည်း ထိုးပဲ မထိုးနိုင်ဘူးဆိုပြီး စိတ်မရှည်ဖြစ်ခဲ့ရတယ်။ ဒါတွေက ဘာကြောင့်လဲဟင်။
ညနေ ၆ နာရီထိုးခါနီး “မ” ဆီကို ဖုန်းဆက်လိုက်တယ်။ ကျွန်တော် ရုံးဆင်းပါပြီ။ အခု စင်ထရယ်မှာ စောင့်နေမယ်နော်။ အကယ်လို့ ကားငှားလို့ အဆင်မပြေရင် ဖုံးပြန်ဆက်လေ။ ကျွန်တော် ဖုန်းထဲကနေ နေရာပြောပေးမယ်ဆိုပြီး ဖုန်းဆက်တော့ သူ ထွက်လာပါပြီတဲ့။ ကျွန်တော် အရမ်းပျော်နေတယ်။ ကျွန်တော် စင်ထရယ်ရှေ့ကို ကျွန်တော့်ဆရာတစ်ယောက်နဲ့ လမ်းလျှောက်လာပြီး ခပ်ပျင်းပျင်းရှိတာနဲ့ ဆေးလိပ်လေး တစ်လိပ်ကို ကောက်ခါငင်ကာဆိုသလို ဖွာနေမိတယ်။
သိပ်မကြာခင်မှာပဲ ရက်ခ်ကားလို့ခေါ်တဲ့ အငှားကားတစ်စီး ထိုးစိုက်လာပြီး လမင်းလေးထွက်ပေါ်လာသလို ခံစားလိုက်ရတယ်။ အစိမ်းနုရောင် အင်္ကျီလေးဝတ်ပြီး ဘောင်းဘီရှည် အနက်လေးနဲ့ လှချင်တိုင်း လှနေတဲ့ “မ”ကို ကျွန်တော် တွေ့လိုက်ရတယ်။ “မ”ရဲ့ အေ၀မ်းဆိုတဲ့ခေါ်သံလေးက ခေါင်းလောင်းတွေ ရာထောင်ချီထိုးလို့ လွင့်ပျံလာတဲ့ သာယာသံလို ခံစားလိုက်ရတယ်။
ကားပေါ်က အပြေးအလွှားဆင်းလာတဲ့ပုံစံလေးက ကျွန်တော့်မျက်စိထဲက ဘယ်လိုမှကို မထွက်တော့ဘူး။ အပြေးအလွှားလေးရောက်လာတဲ့ “မ”ကို ကြိုဆိုရင်းက လမ်းဖြတ်ကူးခါနီး ကားသမားကို ပိုက်ဆံမပေးခဲ့လို့ ကားသမား လိုက်တောင်းတာကို ခံလိုက်ရတော့ နှစ်ယောက်သား ရယ်မောခဲ့ရသေးတယ်လေ။
“အင်းနော် ဒါက မြန်မာပြည် မဟုတ်ဘူး။ နောက်မို့ဆို လိုက်ရိုက်လိမ့်မယ်။ တော်တော်နောက်တာပဲ”လို့ ကျွန်တော်က ပြောတော့ ရှက်ပြုံးလေးပြုံးရင်း ကလေးငယ်တစ်ယောက်လို ရယ်မောနေတဲ့ “မ”ကို တစိမ့်စိမ့်ကြည့်နေခဲ့မိတယ်။ ကားတွေ ရှုပ်ယှက်ခက်နေတဲ့ စင်ထရယ်ရှေ့မှာ တစ်ယောက်လက်ကို တစ်ယောက်တွဲရင်း ကားဖြတ်ကူးတော့ ဒီလိုအချိန်လေးကို အမြဲတမ်းပိုင်ဆိုင်ရရင် ကောင်းမှာပဲလို့ တွေးတောခဲ့မိတယ်။ စင်ထရယ်ကိုဝင်တော့ ကျွန်တော့်ကို စိုက်ကြည့်ကြည့်တတ်တဲ့ “မ”ကို ဘာလို့ အဲဒီလောက်ကြည့်တာလဲလို့ ပြန်မေးကြည့်ခဲ့တယ်။ ခပ်နွေးနွေးလေးပြုံးရင်း ဆက်လက်စိုက်ကြည့်နေတဲ့ “မ”ရဲ့ အကြည့်အောက်မှာ ကျွန်တော် နေလို့မရ ပြုလို့မရနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်ခဲ့တယ်။
ဒီလိုနဲ့ ဖုန်းဆိုင်ကိုဝင်တော့ ရွေးချယ်စရာတွေက အများသားရယ်။ ကျွန်တော် ဘယ်ဖုန်းလေးကို ၀ယ်ရင်ကောင်းမလဲလို့ တိုင်ပင်ကြည့်တဲ့အခါမှာ “မ” ညွှန်ပြတဲ့ ဖုံးလေးတွေကို လိုက်ကြည့်မိတယ်။ ဒီလိုနဲ့ ဖုန်းလေးတစ်ခုကို သဘောကျမိတဲ့အခါမှာ အရောင်တွေကို ရွေးခိုင်းမိတယ်။ “မ”က သူ အစိမ်းရောင်နဲ့ ခရမ်းရောင်ကို ကြိုက်တယ်တဲ့။ ဒီလိုနဲ့ ကျွန်တော် အဲဒီနေ့က “မ”၀တ်လာတဲ့ အစိမ်းရောင်လေးအမှတ်တရ အဖြစ် ဖုန်းအစိမ်းလေးကို ရွေးလိုက်မိတယ်။
ထိုင်းမလေးတွေကတော့ ထင်မှာပဲနော်။ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် တော်တော်ချစ်ကြတာပဲလို့။ ဖုန်းရွေးနေတဲ့တစ်ချိန်လုံး ဖုန်းလေးကို ကြည့်လိုက် ကျွန်တော့်ကို ကြည့်လိုက်လုပ်နေတဲ့ “မ”၊ “မ” ဖုန်းလေးတွေ ရွေးတဲ့အချိန် ခိုးခိုးကြည့်တတ်တဲ့ ကျွန်တော်တို့ နှစ်ယောက်ကို ထိုင်းမလေးတွေက ပြုံးပြုံး ပြုံးပြုံးနဲ့ ကြည့်နေကြလေရဲ့။ ကောင်တာမှာ ပိုက်ဆံရှင်းရင်း ထိုင်စောင့်နေတော့ “မ”က ဆိုင်ရှေ့က ခုံတန်းလေးမှာ ထိုင်နေတယ်လေ။ သူ့လက်ထဲက ဖုန်းကို ဆော့ကစားနေတဲ့ “မ”ရဲ့ ရုပ်ပုံက ကျွန်တော့်အတွက်တော့ တကယ့်ကိုလှတဲ့ ရှုခင်းတစ်ခုပဲ။
လူကိုမြင်ရင် စိုက်စိုက်ကြည့်တတ်တဲ့ “မ”ရဲ့ မျက်ဝန်းအောက်မှာ ကျွန်တော့်ရဲ့ သတ္တိတွေ၊ အားမာန်တွေဟာ ပျောက်ဆုံးကုန်တယ်။ အဲဒီလိုနဲ့ပဲ ကျွန်တော့်ဘ၀မှာ အချစ်ကို ပြန်လည်ဆန်းသစ်လာ၊ မွေးဖွားလာတယ်လို့ပဲ ပြောရမလားဗျာ။
ဖုန်းဝယ်ပြီးတဲ့အချိန် “မ”နဲ့ စင်ထရယ်ကို ပတ်တဲ့အချိန် “မ”က ဘောင်းဘီဝယ်မယ်ဆိုတာနဲ့ ဒုတိယထပ်ကို တက်ခဲ့ကြတယ်။ “မ”ဘေးနားမှာ လိုက်ရင်းနဲ့ “မ”ရဲ့လှုပ်ရှားပုံတွေဟာ မေ့မရနိုင်အောင် ဖြစ်ခဲ့ရတယ်။ တကယ်တမ်း “မ”ရဲ့ လက်တွဲဖော်အဖြစ်နဲ့ ကျွန်တော် အမြဲတမ်းလိုက်ပါလိုစိတ်တွေ တဖွားဖွားဖြစ်လာခဲ့ရတယ်။
(ဆက်ရန်…)
(လောကအလှတွင် ဖော်ပြပြီးသား ၀တ္ထုတိုဖြစ်ပါတယ်)